Wednesday, March 31, 2010

ကျွန်မရဲ့  အလွမ်းဒိုင်ရာရီ

Rain forest လို့ အများခေါ်တဲ့
တောအုပ်စိမ်းစိမ်းလေးတွေ၊
ကျောင်းသွားတိုင်း ဖြတ်ကူးခဲ့ရတဲ့
ပျဉ်ချပ်တံတားလေးနဲ့  တောင်ကျချောင်းလေး၊
ဒါက ပထမဆုံး ကျွန်မအသက်ရှူခဲ့တဲ့နေရာ။

နောက်တော့.....
ရန်ကုန်-မန္တလေး ကားလမ်းမကြီးနဲ့ အတူလိုက်ပါရင်း...
၅ လုံး တန်း၊ ၁၂ လုံးတန်း၊
မာမီစိန်၊ ၃၆ ဘတ်(စ်)ကားနဲ့ 
ညနေတိုင်း နှူတ်ဆက်ခဲ့ရတဲ့ ဂျိုးဖြူပိုက်လုံးကြီး။

နောက်တဆင့်....
လွစ္စလမ်း “ဆရာကြီးလ္ဘက်ရည်ဆိုင်”၊
လူထုဦးစိန်ဝင်း၊
ပန်းဆိုးတန်းက “အမေ့အိမ်” နဲ့ စကားဝါလမ်း။

အင်းလျားကအာပူလျှာပူ၊
ဦးချစ်ဆိုင်၊ အီကို canteen
သထုံလမ်းက BOC, TTC canteen
စိုက်ပျိုးရေးမှတ်တိုင်နဲ့ 
ညနေတိုင်းရောက်ဖြစ်တဲ့
အမှတ်( )၊ တက္ကသိုလ်ရိပ်သာလမ်း။

လွယ်အိတ်ကိုပြစ် ရွာကိုချစ်လို့ 
ရောက်ခဲ့ရတဲ့...
ကိုနီနဲ့ နောက်မီးရွာကလေးရဲ့
ကာရာအိုကေည။
ရန်ကုန်- ပြည်လမ်းမကြီးပေါ်က
ရေနံချီးဝနေတဲ့ ရုံးကလေးနဲ့
ဓနုသံဝဲ၀ဲလေးတွေ။

ခန္ဓာနဲ့ဝန်မမျှအောင် ထမ်းနေရလဲ
ဘယ်တော့မှ ပျက်မသွားတဲ့
ကစဥ့်ကလျား ပြန့်ကျဲနေတတ်တဲ့
အမှိုက်ပုံပေါ်က အပြုံးလေးများရယ်။

တံစဉ်ကို မြဲမြဲကိုင်လို့ 
လျစ်လျှူရှုမှုတွေကြား
ဝမ်းတစ်ခါးဝဖို့  ကြုံးဝါးနေကြတဲ့
ချိနဲ့နဲ့ အသံများရယ်။

လွမ်းမိသမျှတွေအတွက်..........
လွမ်းမိတိုင်း နာရသလို၊
နာမိသမျှတွေအတွက်လည်း
နာမိတိုင်း တွန်းအားသစ်တွေအဖြစ်
ငါပြောင်းလဲလို့.....
ငါ့အလွမ်းတွေအတွက် "လျှော်ကြေး"
ဒင်းတို့ဆီကငါပြန်ယူပြမယ်။ ။

No comments:

Post a Comment