ဒီည...အိမ်မက်တစ်ခုမက်တယ်......
အိမ်မက်ထဲမှာ ငါ့ရဲ့ချစ်သူက သူရဲကောင်းတစ်ယောက်ပေါ့....
အင်း...အိမ်မက်ထဲမှာတောင် ချစ်သူနဲ့ငါ.ပြေးလိုက် လွှားလိုက် ပုန်းလိုက် အောင်းလိုက်နဲ့...ဘာကိုတော်လှန်နေမှန်းတော့မသိ။ တော်လှန် ရေးတစ်ခုကို အပြင်းအထန်ဆင်နွှဲနေကြတာ....မောလိုက်တာ မပြောပါနဲ့တော့....
နောက်တော့ လုံခြုံစိတ်ချရတယ်လို့ထင်ရတဲ့ နားခိုစရာ နေရာတစ်နေရာကို ငါတို့နှစ်ယောက်ရောက်သွားတယ်။ အဲဒီနေရာမှာ ငါတို့လို ဘ၀တူရဲဘော်တွေလဲ အများကြီးပဲ။
ဒါပေမဲ့...တို့နှစ်ယောက်အသေအချာ သိထားတာတစ်ခုရှိတယ်။ ဒီနေရာဟာ ငါတို့အတွက် ခေတ္တနားခိုစရာသာဖြစ်တယ် ဆိုတာကိုပေါ့။ ဒီလိုနဲ့ပဲ သူရဲကောင်းကြီးငါ့ချစ်သူဟာ အဲဒီနေရာကနေ စွန့်ခွါဖို့ ရဲဝင့်စွာဆုံးဖြတ်လိုက်တယ်။ အပြင်ကိုလှမ်းကြည့်လိုက်တော့ မိုးတွေက ၀ုန်းဒိုင်းကြဲစွာ အငြိုးကြီးကြီးနဲ့ သဲသဲမဲမဲရွာလို့။
အမှတ်မထင်ဘဲ ငါ့ရဲ့စက္ခုအာရုံဟာ ချစ်သူရဲ့ ခြေဖမိုး သန့်သန့်လေးဆီရောက်သွားတယ်။ အို....ကြည့်စမ်း.....သူ့မှာခြေဗလာနဲ့ပါလား။ ဖြတ်ခနဲ သူ့ကိုမော့အကြည့်...သိမ့်ခနဲလှိုင်းထသွားတဲ့ ရင်အစုံနဲ့အတူ ကြင်နာစွာ စိုက်ကြည့်နေတဲ့ နွေးထွေးတဲ့မျက်ဝန်းတစ်စုံကို ငါတွေ့လိုက်ရတယ်။
နှုတ်ခမ်းအစုံကိုတင်းတင်းစေ့လိုက်မိချိန်မှာပဲ ငါ့ရဲ့လက်တွေက ချစ်သူ့လက်မောင်းကို တင်းကနဲ ဆုတ်ကိုင်မိပြီးသားဖြစ်သွားပါတော့တယ်။ နောက်တော့ ချစ်သူရဲ့ခြေလှမ်းတွေနဲ့ ထပ်ချပ်မကွာဘဲ ရဲဝင့်စွာနဲ့ ချစ်သူနဲ့အတူ ငါအမိုးအောက်ကနေထွက်လာခဲ့တယ်။ မိုးတွေကတော့သဲသဲမဲမဲရွာနေဆဲ.....
ကောင်းကင်ပေါ်မော့ကြည့်လိုက်တော့ မိုးစက်တွေက အလုအယက်နဲ့ပဲ အဆက်မပြတ်စွာ ငါ့မျက်နှာပေါ် ခုန်ပေါက်လို့ ပြေးဆင်းလို့လာတယ်...တစ်ချက်တစ်ချက်ဝင်းကနဲလက်သွားတဲ့ လျှပ်စီးတွေကြား ဖန်သားလေးတွေလိုကြည်လင်ပြီး စိန်လိုဝင်းလက်နေတဲ့ မိုးစက်ပွင့်လေးတွေက တဖျတ်ဖျတ်လက်လို့......ခိုပြာရောင်သန်းလိုက်၊ အ၀ါရောင်ယှက်လိုက်၊ အနီရောင်စွေးလိုက်နဲ့....လှလိုက်တာ...
ဒီလိုနဲ့ပဲ ချစ်သူနဲ့ငါ တစ်ယောက်လက်ကို တစ်ယောက်တင်းတင်းဆုပ်လို့ အတူတူလျှောက်လာကြရင်း ကြီးမားတဲ့သင်္ဘောကြီးတစ်စီးကို တွေ့ပြန်တယ်။ ချစ်သူဟာ ငါ့ရဲ့လက်ကိုဆုပ်ကိုင်ရင်းနဲ့ပဲ အဲဒီ သင်္ဘောကြီးဆီကို ပြေးတက်သွားပြန်တယ်။ သင်္ဘောကြီးပေါ်မှာ ကြီးမားကျယ်ပြန့်ပြီး သောင်ပြင်နဲ့တူတဲ့ ထူးဆန်းတဲ့ ကုန်းပတ်ကြီးတစ်ခုရှိတယ်။ အဆုံးကိုလှမ်းကြည့်လိုက်တော့ အကာအရံမဲ့စွာ ပင်လယ်ရေထဲကို ပြေပြေပြစ်ပြစ်ထိုးဆင်းသွားတဲ့ ရွှေဝါရောင်ဆန်ဆန် ပြင်လျှောကြီးတစ်ခု။ ချစ်သူဟာ ကုန်းပတ်ကြီးပေါ်ကနေ တမဟုတ်ချင်းပဲ ပင်လယ်ရေပြင်တွေဆီ အရှိန်နဲ့ တဟုန်ထိုးပြေးဆင်းလို့အသွား။ ငါ့လက်ကိုလည်း မြဲမြဲဆုတ်ကိုင်ထားဆဲ။ ဖြတ်ကနဲ ငါသတိရလိုက်မိတယ်.......
"ငါရေမကူးတတ်ဘူး"
ချစ်သူ့နားနားကို တိုးတိုးလေးကပ်ပြောရင်းနဲ့ပဲ သူ့ရဲ့ခါးကိုမြဲမြဲတွယ်လို့ ပင်လယ်ရေထဲ ချစ်သူနဲ့အတူ လိုက်ပါစီးမျောဖို့ ငါ အဆင်သင့်ဖြစ်နေခဲ့ပြန်တယ်။ ငါ့ရဲ့စကားအဆုံး ဖြတ်ကနဲပေါ်လာတဲ့ နူးညံညင်သာတဲ့ အပြုံးတစ်ခုနဲ့အတူ ရုတ်ကနဲ ကိုယ်ရှိန်သတ်လို့ ချစ်သူဟာ ကုန်းပတ်ပေါ် လွတ်လပ်ပေါ့ပါးစွာပဲ လှဲချလိုက်ပြန်ပါတယ်။ ပြီးတော့ ကောင်းကင်ကိုမော့ကြည့်လို့ အေးချမ်းစွာပြုံးနေခဲ့တယ်။ ငါကတော့ ချစ်သူ့မျက်နှာကို ကြည့်ရင်း ချစ်သူ့ပါးပြင်ကို ဖွဖွလေးနမ်းလိုက်မိတယ်......
တစ်ကြိမ်...နှစ်ကြိမ်...သုံးကြိမ်....
"၀ုန်း"ဆို ရုတ်တရက်လှိုင်းလုံးတစ်ခုကအရိုက်....ချစ်သူ့မျက်နှာကိုရေတွေလွှမ်းလို့...........ငါလည်း "အင့်" ကနဲဖြစ်အသွား...
ရေလှိုင်းပြန်အကျမှာတော့ ငါတို့နှစ်ယောက်ရဲ့ ကြည်နူးစွာရယ်မောသံနဲ့ အတူ ငါနိုးထလာမိတယ်။
အိပ်မက်ထဲမှာ ချစ်သူကငါ့ကိုပြောသွားတယ်...
"မိဂျမ်းလေး"တဲ့......
Monday, April 12, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment